မှတ်ဉာဏ်ကောင်းစေဖို့ လုပ်ဆောင်သင့်တဲ့ အလေ့အထလေးတွေ
ကားသော့ ဘယ်နားချမိတယ် မသိဘူး။ ဝယ်ရမှာကို မေ့လာပြန်ပြီ။ ဖုန်းဘယ်နား ထားမိတယ် မသိဘူးဆိုတာတွေက နေ့စဉ်ဘဝမှာ ရက်ဆက်ဖြစ်လာပြီဆိုရင်တော့ မှတ်ဉာဏ်ကို ပြန်ဆန်းစစ်ဖို့ လိုနေပါပြီ။ ဒီလို ဆန်းစစ်တာက ခဏခဏမေ့တတ်နေတာပါလို့ အဖြေထွက်လာပြီဆိုရင်တော့ မှတ်ဉာဏ်ကောင်းစေဖို့ အလေ့အထလေးတွေကို စတင်လုပ်ဆောင်ပါတော့နော်။
တကယ်ပဲ မှတ်ဉာဏ်ကောင်းအောင် လုပ်ဆောင်လို့ရလားဆိုရင်တော့ ဒီအလေ့အထလေးတွေကို လုပ်ဆောင်ပေးတာက မှတ်ဉာဏ်ကောင်းစေနိုင်တယ်လို့ လေ့လာမှုတွေအရ သိထားရပါတယ်။ ဘာတွေလဲဆိုတာကို ကိုယ်တိုင် လိုက်လုပ်ကြည့်လို့ရအောင် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်နော်။
မှတ်ဉာဏ်ကောင်းစေဖို့ လုပ်ဆောင်သင့်တဲ့ အလေ့အထလေးတွေကတော့ -
- ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ
နေ့စဉ် ကိုယ်လက်လှုပ်ရှားမှု လုပ်တာက ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှု ကောင်းသလို ဦးနှောက်ဆီ သွေးစီးဆင်းရောက်ရှိမှုလည်း ကောင်းပါတယ်။ ဒီလို သွေးနဲ့ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းတာက မှတ်ဉာဏ် ကောင်းစေနိုင်ပါတယ်။
- အိပ်ရေးဝဝအိပ်ပါ
အိပ်ရေးပျက်တာက ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို ထိုင်းမှိုင်းစေပြီး မှတ်ဉာဏ် ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ အိပ်ရေးဝဝအိပ်ပါ။
- အာဟာရမျှတအောင် စားပါ
အာဟာရ မျှတအောင် စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်သလို မှတ်ဉာဏ်ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ် စားသုံးမှုမှာ အသီးအရွက်၊ အသားငါး၊ နို့နဲ့ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ဘယ်ရီသီး အမျိုးမျိုးတို့ကို စားသုံးပေးပါ။
- သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းပါ
မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အချိန်တွေကို အတူကုန်ဆုံးတာက ပျော်ရွှင်စရာ အခိုက်အတန့်တွေကို ဖန်တီးပေးနိုင်ပြီး မှတ်ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။
- ပဟေဠိ ဆက်ပါ
ပဟေဠိဆက်တာက စိတ်ကို အနားရစေသလို စဉ်းစားဉာဏ် ရင့်သန်စေပြီး ဉာဏ်ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့တာရဲ့ အပန်းဖြေမှုအနေနဲ့ ပဟေဠိဆက်တာကို လုပ်ပေးပါ။
ဒီနည်းလမ်းလေးတွေက ခဏခဏမေ့တတ်တဲ့ မှတ်ဉာဏ်ကို ပြန်လည် ပျိုမြစ်မှတ်မိစေဖို့ ထောက်ကူပေးနိုင်မှာပါ။
မွန်မွန်